Sunday, October 24, 2010

ကမ္ဘာကြီးက မြန်မာကိုမသိချင်ယောင်ဆောင်ထား လို့ နိုဘယ်ဆုရ Sen ကပြော

Amartya Sen, Indian economist, philosopher, an...Image via Wikipedia
ဝါရှင်တန် - စီးပွားရေးဆိုင်ရာ နိုဗယ်ဆုရ ဖြစ်တဲ့ Amartya Sen က မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကို ကမ္ဘာ့နိုင်ငံ၊ အဖွဲ့အစည်း တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာစောင့်ကြည့်ဖို့ လိုအပ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲက မဲတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သွားရာလမ်းကြောင်းကို ကြီးစွာအနှောက်အယှက် ဖြစ်စေနိုင်တယ်လို့လည်း သတိပေးပြောဆို လိုက်ပါတယ်။
ငယ်ဘဝကို မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ လူသိများ လေးစားခံရတဲ့ ပညာရှင်က ရွေးကောက်ပွဲကို တကမ္ဘာလုံး ရဲ့ လျစ်လှူရူနေမူအပေါ် ဝေဖန်လိုက်ပြီး သူ့တိုင်းပြည်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း အပြင်းထန်ဆုံး စကားလုံးတွေ နဲ့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြန်မာ (ယခင်က ဗမာ လို့ခေါ်ခဲ့တဲ့) စစ်အစိုးရ ဟာ နှစ်၂၀ အတွင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲကို နိုဝင်္ဘာလ ၇ ရက်နေ့မှာ ပြုလုပ်ဖို့ ပြင်ဆင်ထားပါတယ်။ နိုင်ငံတကာ က စောင့်ကြည့်လေ့လာ သူတွေ နဲ့ မီဒီယာ တွေ ကို လာရောက်လေ့လာခွင့် ပြုဖို့ စစ်အစိုရက ငြင်းဆိုထားပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထိမ်သိမ်းထားဆဲ ဖြစ်ပါတယ်။

ဟားဗတ် (Harvard University) ပရော်ဖက်ဆာ က “ အခု ခြေအနေမှာ အတုအယောင် ရွေးကောက်ပွဲကြီး နီးလာတာနဲ့အမျှ ရွေးကောက်ပွဲရလဒ်ကို ကလိန်ကကျစ်လုပ်နိုင်တဲ့ နည်းလမ်းသဘာဝတွေကို ကမ္ဘာမှာ ပြည်သူ့ဆွေးနွေးပွဲ တွေလုပ်ဖို့ထက် အရေးကြီးတာ ဘာမှ မရှိဘူး” လို့လည်းပြောဆိုလိုက်ပါတယ်။
“ရွေးကောက်ပွဲ ပီးရင် အခြေအနေကောင်းတွေ ကိုမျှော်လင့် နိုင်ပါတယ်ဆိုတဲ့ ပြောဆိုချက်တွေ ဟာ ဒီနေ့ဗမာပြည်မှာ ဖြစ်ပျက် နေတာတွေကို အသေးစိတ် လေ့လာလို့ ရတဲ့ တွေ့ရှိချက်တွေနဲ့ တော့ လုံးလုံးကြီး ဆန်ကျင်ဖက်တွေပဲ” လို့ John Hopkins University မှာ ပို့ချတဲ့ သင်ကြားချက်မှာ Sen ကပြောခဲ့ပါတယ်။

“ဗမာပြည်ရဲ့ ဒီမိုကရေစီရေကြည် ကို နောက်အောင်လုပ်ပြီး စစ်အစိုးရရဲ့ ဝါဒဖြန့်ချက်တွေသာ အောင်မြင်သွားခဲ့ရင် အခြေအနေတွေဟာ နောက်ကို အတော်ကြီး ပြန်ရွေ့သွားမှာ ဖြစ်တယ်” လို့လည်း သူကပြောပါသေးတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မူတွေကို စုံစမ်းဖော်ထုတ်ပြီး ချက်ခြင်းလက်ငင်း အရေးယူသွားဖို့လည်း တိုက်တွန်းသွားပါသေးတယ်။ စစ်အစိုးရ ဟာ ရွာပေါင်းများစွာ ကို ဖျက်ဆီးပြီး တိုင်းရင်းသား အမျိုးသမီးတွေကို မုဒိမ်းကျင့်တာကို လက်နက်တစ်ခုလို သုံးပြီး တိုင်းရင်းသားတွေကို နှိပ်ကွပ်နေတယ်လို့ အစွပ်စွဲခံထားရပါတယ်။

အမေရိကန်သမ္မတ Barack Obama ရဲ့ ရုံးအဖွဲ့ဟာ စစ်အစိုးရရဲ့ လူ့အခွင့်ရေး ချိုးဖောက်မူတွေကို စုံစမ်းလေ့လာဖော်ထုတ်ဖို့ ကို အကြမ်းဖျင်းအားဖြင့် ထောက်ခံပေမယ့် စစ်အစိုးရနဲ့ တွေ့ဆုံညှိနိုင်းဖို့လည်း ပေါ်လစီရှိပါတယ်။ အဲလို ပေါ်လစီထားလာရတာ ကတော့ စစ်အစိုးရကို နှစ်ပေါင်းများစွာ အထီးကျန် ထားခဲ့ပေမယ့် ဘာမှပြောင်းလဲမူမရှိလို့ ပါလို့ အကြောင်းပြပါတယ်။
ဂျူလိုင်လ တုန်းက မြန်မာစစ်အစိုးရခေါင်းဆောင် သန်းရွှေ ကို အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh က ကြိုဆိုခဲ့တာကိုလည်း Sen က ဝေဖန်ပါတယ်။ Mahatma Gandhi ရဲ့နိုင်ငံဟာ တရုတ်ရဲ့ အင်အားကို ပူပန်တာကြောင့် ကွန်မြူနစ်နိုင်ငံကို စိုးရိမ်ပြီး နိုင်ငံရဲ့ မူ၊ ဝါဒရေးရာတွေ ပျောက်ဆုံးနေပြီလို့လည်း ပြောပါသေးတယ်။

ဒီမိုကရေစီ တိုင်းပြည်တစ်ခုဖြစ် တဲ့ ကျနော့်တိုင်းပြည်က ဝန်ကြီးချုပ်ရယ် အခြားတိုင်းပြည်က လူသားဆန်တဲ့ တိုင်းပြည့်ခေါင်းဆောင်တွေ က မြန်မာပြည်က သားသတ်သမားတွေ ကို ကြိုဆိုလက်ခံပြီး စေ့စပ်ရေး လုပ်နေတာ၊ ရင်းရင်းနှီးနှီး ဖက်လဲတကင်း ဓာတ်ပုံရိုက်ခံနေတာတွေ ကို တွေ့ရတာ ကျနော်စိတ်မကောင်း ဖြစ်ပြီး ဝမ်းနည်းကြေကွဲရပါတယ် လို့လည်း Sen ပြောပါတယ်။

ကျနော်တို့ရဲ့ သြဇာက ကမ္ဘာကိုလွှမ်းမိုးနိုင်မူ သုညဖြစ်နေချိန်မှာ ကျနော်တို့ က ကမ္ဘာတစ်လွှားမှာ ကိုယ်ကျင့်တရားအကြောင်း လမ်းညွှန်ပို့ချခြင်းများနဲ့ အချိန်ကုန်နေပါတယ်။ ကျနော်တို့ရဲ့ သြဇာအာဏာဟာ တရုတ်လောက် တောင်ကြီးစရာမလိုပါဘူး နည်းနည်းလေးများသာ ရှိလာခဲ့ရင် ကျနော်တို့ဟာ သူတို့ရဲ့ တာဝန်မဲ့မူ တွေကို လုံးလုံးကြီး ထောက်ပြပြောဆို ကန့်ကွက်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မူရင်း
Enhanced by Zemanta

Monday, July 19, 2010

တော်လှန်ရေးဆိုတာ ဘာလဲ

ဘာလဲ တော်လှန်ရေး။ အကြမ်း ပတမ်း လုပ်တာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်လို့ရသလား။ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုလဲ၊ လဲ လဲ လဲ။ အဲဒီလို “လဲ” တွေ အမျိုးမျိုးနဲ့ ကျွန်တော်တို့ စဉ်းစားကြစို့။ တရံရောအခါက ဒီမေးခွန်းကို ကျွန်တော်ဒီလို ဖြေခဲ့တယ်။

Revolution is direct participation of masses themselves to shape their own destiny fundamentally by all possible means; historically inevitable and necessary, and inadmissible of all forms of dry schematisation unrelated to given historical conditions, and of blind, negative, spontaneous, destructive character; and therefore creative in the highest degree. Its fundamental objective is the emencipation of all toiler; its basis mass participation, its guarantee of victory mass consciousness. (in other words, the digree to which the toiling mass is organised and thus conscious of its role and power.)

တော်လှန်ရေး ဆိုတာ လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုဘဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်။ ရာဇဝင်ကြောင်း အရ မလွှဲမရှောင်သာလို့လဲ လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ရာဇဝင်အခြေအနေ အချက်အလက်တွေနဲ့ အခြားတလမ်းဖြစ်တဲ့ အခြောက်တိုက် စိတ်ကူးစီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့မဖြစ်ဘူး။ တဖက်တွင်သာ လုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမူ အလုပ်ကိုလဲ လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးအကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။ တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မူဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမူ တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်း ရှိလို့ ဘယ်အထိ မိမိရဲ့ တာဝန်နဲ့ တန်ခိုး အာဏာကို သိရှိ နားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ အဲဒီလို ကျွန်တော်ဖြေခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ မေ ၁၉၄၇ နေ့တွင် ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမပြင်ဆင်မူ ညီလာခံတွင် မိန့်ကြားခဲ့သော မိန့်ခွန်းမှ။

Tuesday, July 13, 2010

အချစ်နာ

ငါ ဖွာရှိုက်ခဲ့တဲ့
စီးကရက်တွေ
မရေမတွက်နိုင်အောင်ပါပဲ။
ငါ သောက်ခဲ့တဲ့
အရက်တွေ
တခွက်ပြီးတခွက်
နောက်တနေ့တော့လည်း
အမူးပြေသွားတာပဲ။
မိန်းကလေးရေ
ငါချစ်ခဲ့/နေတာ
တစ်ယောက်တည်းဆိုမှ
မင်းတစ်ယောက်တည်းပါကွယ်
ဒါပေမယ့်လည်း
အချစ်မူးတွေမပြေနိုင်လို့
အလွမ်းတွေနဲ့ဖြေနေရဆဲ။

Monday, June 28, 2010

Slash

အခုတလော စာမရေးဖြစ်ပါ။ အလုပ်များတာက ဘောပွဲကြည့်ရ၊ Glastonbury ပွဲကြည့်ရ နဲ့မို့ မအားဖြစ်နေတာ။ Guns N' Roses မှာ Lead ဂစ်တာ တီးခဲ့ဖူးတဲ့ Slash လည်း လာပြီးတီးသွားပါတယ်။ သူ့လက်သံ နားထောင်လိုသူတွေ အတွက် ဝေမျှလိုက်ပါတယ်။ Paradise City လည်းတီးသွားတယ်။ ဒါပေမယ့် Embed လုပ်ဖို့အတွက် ကုဒ် က ဒီတပုဒ်ပဲ ရှိတယ်။

Wednesday, June 16, 2010

ကမ္ဘာ့တန်ဖိုးအရှိဆုံး အရာ


အဓိက ကတော့ ရေရှာပါးလာခြင်းသည် လယ်၊ယာ စိုက်ပျိုး မွေးမြူရေးကြောင့်ဖြစ်သည်။ ကောင်းစွာစီမံ ခန့်ခွဲ မူဖြင့်သာ ကူညီနိုင်လိမ့်မည်။


စိန်လိုရတနာ အတွက် လူတွေ တစ်ယောက် နဲ့ တစ်ယောက် သတ်ဖြတ်တတ်ကြသလို နိုင်ငံတွေဟာလည်း ရေနံအတွက် စစ်တိုက်ကြတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးအကြီးဆုံး ကုန်ပစ္စည်းတွေဟာ သောက်သုံးရေ မရှိတော့ရင်ဖြင့် ဘာမှတန်ဖိုး မရှိတော့ပါဘူး။ အသက်ရှင် နေထိုင်နိုင်ဖို့ အတွက် ရေကောင်းရေသန့် လိုအပ်ပြီး ဘာနဲ့မှလည်း အစားထိုလို့ မရနိုင်ပါဘူး။ အများအားဖြင့် ဈေးနူန်းသတ်မှတ် မထားပေမယ့် ရေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး အရာပါ။

သဘာဝတရား က သူပေးနိုင်မယ့် ရေပမာဏကို ပိုင်းခြား သတ်မှတ်ပြီးသားပါ။ ရေလိုအပ်မူ ပမာဏ ကြီးထွားလာမူ ကို တားဆီးလို့ မရတာက ကမ္ဘာ့လူဦးရေတိုးပွားမူ နဲ့ အတူ မြင့်တက်လာတဲ့ လူ့နေထိုင်မူ အဆင့်အတန်း ကြောင့်ပါဘဲ။ လူနေအိမ်၊ စက်ရုံ နဲ့ ရုံးခန်း တွေက ရေကို ပိုမိုစုပ်ယူ သုံးစွဲလာပါတယ်။ အစားအသောက် ဖြစ်တဲ့ အသားနဲ့အသီးအနှံ ကို စိုက်ပျိုးထုပ်လုပ်ရာမှာ ရေကအဓိက ဖြစ်ပြီး အစားအသောက် လိုအပ်မူ မြင့်တက်ကြီးထွားလာတာ ကလည်း အရေးကြီးတဲ့ပြဿနာပါ။ စိုက်ပျိုးရေးလုပ်ငန်း တခုတည်းကပဲ ရေပမာဏ ၇၀% ကို ထုတ်ယူသုံးစွဲ နေရပါတယ်။

သီးနှံစိုက်ပျိုး တဲ့နေရာတွေကိုဖြတ်ပြီး တစ်ဆယ့်နှစ်ရာသီပတ်လုံး ပင်လယ်ဆီကို စီးဆင်းနိုင်တဲ့ မြစ်ဆိုလို့ ကမ္ဘာ့မြစ်ကြီးတွေထဲမှာ အနည်းငယ်ပဲ ရှိပြီး အဲဒီမြစ်တွေရဲ့ စီးဆင်းတဲ့ ရေပမာဏဟာလည်း နည်းပါးလာနေပါတယ်။ သိသာမြင်သာ မူနည်းပေမယ့် သေသေချာချာ ပြောကြမယ်ဆိုရင် ပကတိမျက်စေ့နဲ့မမြင်နိုင်တဲ့ ကမ္ဘာ့မြေထုအောက်မှာ ရှိတဲ့ ရေအရင်းအမြစ် ထုတ်ယူ သုံးစွဲမူအကြောင်း ပြောရမှာဖြစ်ပြီး အဲဒီလို ထုတ်ယူသုံးစွဲမူကြောင့် ကမ္ဘာ့ဆွဲငင်အားကို ကြီးစွာအပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ မြေထုအောက်မှာ ရှိတဲ့ ရေအရင်းအမြစ်တွေကို အာကာသ မှာရှိတဲ့ NASA ကဂြိုလ်တု တွေကတဆင့် ကြည့်ရှုမှတ်တမ်းတင်နိုင်ပါတယ်။ အမေရိကန်၊ အိန္ဒိယ၊ တရုတ်နိုင်ငံ အပါအဝင် နေရာတော်တော်များများ မှာ ကမ္ဘာမြေအောက်က ရေမျက်နှာပြင်(water table) ကျဆင်းနေပါတယ်။

အခုထိတော့ ရေကြောင့် ဖြစ်တဲ့စစ်ပွဲရယ်လို့ ကမ္ဘာမှာမရှိသေးပေမယ့် Darfur မှာဖြစ်နေတဲ့ ရန်စောင်မူတွေက စစ်ပွဲဆီကို ဦးတည်နေပါတယ်။ ရေရဖို့အတွက် တဖွဲ့ နဲ့ တဖွဲ့ အပြိုင်အဆိုင် ဦးကြသလို ရန်လည်းစောင်တတ်ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆၀% ထက်ပိုတဲ့ လူတွေဟာ မြစ်ဝှမ်းတခုမှာ မှီတင်းနေထိုင်ကြပြီး အဲဒီမြစ်ဝှမ်းကို နိုင်ငံ နှစ်နိုင်ငံ ဒါမှမဟုတ် နှစ်နိုင်ငံထက် ပိုတဲ့ နိုင်ငံတွေက မှီခိုအားထား နေရလို့ ပြဿနာတွေ ဖြစ်နိုင်ခြေရှိတာ မဆန်းပါဘူး။ တကယ်လို့ ရေမလုံလောက်မူ ပြဿနာဟာ နိုင်ငံတစ်ခု တည်းအတွင်းမှာ ဖြစ်လာတယ်ဆိုရင် ပြောကြပါစို့ အိန္ဒိယ ဒါမှမဟုတ် တရုတ်ပြည် မှာ ဖြစ်ခဲ့မယ် ဆိုရင် အဲဒီပြဿနာကြောင့် လူတွေအစုလိုက် အပြုံလိုက် ရွှေ့ပြောင်းမူတွေ ဖြစ်လာနိုင်ပြီး ခိုက်ရန်ဖြစ်ပွားမူတွေလည်း ရှိလာနိုင်ပါတယ်။

လူတွေအနေနဲ့ ရေအရင်းအမြစ် ရဲ့ ထောက်ပံ့နိုင်တဲ့ပမာဏကို ကြီးမားလာအောင် လုပ်လို့မရပေမယ့် နည်းလမ်းလေးသွယ် နဲ့ အကျိုးရှိရာရှိကြောင်း ဖြစ်အောင် သုံးစွဲနိုင်ပါတယ်။ ပထမနည်းနေနဲ့ ထိန်းသိမ်းမူ နဲ့ဖြန့်ဝေမူစနစ် တိုးတက်ကောင်းမွန်ရန် မြေအောက်ရေသိုလှောင်ကန်တွေ လုပ်ခြင်း၊ စိမ့်ယိုထွက်နေသောပိုက်များကို အစားထိုး တပ်ဆင်ခြင်း၊ အခြေမှာ မြေကြီးရှိသော တူးမြောင်းများ သွယ်တန်းခြင်း၊ အပင်များလိုသလောက်သာ ရေရရှိဖို့ အမြစ်များသို့ ရေပေးသောစနစ်လုပ်ခြင်း စသည်တို့ဖြစ်ပါတယ်။ ဒုတိယနည်းကတော့ ရေသုံးစွဲမူနည်းသော လယ်ယာစနစ် လုပ်ကိုင်နိုင်ဖို့ ကြိုးစားခြင်း ဥပမာအားဖြင့် နည်းစနစ်များဖြင့် ထိန်းချုပ်နိုင်တဲ့ အပင်များစိုက်ပျိုးနိုင်ဖို့ မျိုးဗီဇနည်းဖြင့် မွမ်းမံထားတဲ့ ရေခမ်းခြောက်မူဒဏ် ခံနိုင်ပြီး အထွက်နူန်းကောင်းတဲ့ သီးနှံသစ်များကို စိုက်ပျိုးခြင်း။ တတိယနည်းက ပင်လယ်ရေထဲက ဆားတွေထုတ်ပယ်နိုင်တဲ့ နည်းပညာရှိလာဖို့ ကြိုးစားရမှာဖြစ်ပြီး အဲလိုလုပ်နိုင်ရင် ရေကောင်းရေသန့် ထောက်ပံ့နိုင်တဲ့ပမာဏ ကြီးလာမှာဖြစ်တယ်။ တမူကွဲပြားတဲ့ စတုတ္ထနည်းက ဝယ်လိုအား နဲ့ ရောင်းလိုအား မျှတစေဖို့ ဈေးသတ်မှတ်ပြီး ရေသုံးစွဲသူတွေ အတွက် ရေဈေးကွက် ဖော်ဆောင်ဖို့ပါဘဲ။ သင့်တင့်လျောက်ပတ်တဲ့ ဈေးသတ်မှတ်ပြီးသွားရင် ရေအရောင်းအဝယ် ကုန်သွယ်မူကတွန်းအားပေးနိုင်တာက ရေများများရှိတဲ့နိုင်ငံတွေပေမယ့် ရေကိုအကျိုးရှိအောင် သုံးစွဲပြီး ကုန်ပစ္စည်းပိုမိုထွက်အောင် ကျိုးစားကြသလို ရေနည်းခြောက်သွေ့တဲ့ နိုင်ငံတွေဟာလည်း ရေကို အလေအလွင့်နည်းအောင် ချွေတာ သုံးစွဲလာနိုင်ပါတယ်။

နည်းလမ်းလေးသွယ် နဲ့ ပြဿနာကို ပြေလည်အောင် သူ့နေရာနဲ့သူ လိုအပ်သလို လုပ်ရမှာဖြစ်ပြီး ရေအပို သုံးစွဲနေမူ ပြဿနာကို ချက်ခြင်းရုတ်တရက် လျော့ချရပ်တန့်နိုင်မှာတော့ မဟုတ်ပါဘူး။ ဆိုလိုတာက နည်းစနစ် အသစ်တွေသုံးပြီး သီးနှံအထွက်ကောင်းအောင်၊ မွေးမြူရေးလုပ်ငန်း တိုးတက်အောင် လုပ်ကောင်းလုပ်နိုင်ပေမယ့် ခုချိန်ထိ ရေတပေါက်ပိုပေးတိုင်း အထွက်တိုးတဲ့ သီးနှံမျိုး ဘယ်သူမှ မစိုက်နိုင်သေးဘူး။ ထူခြားသာလွန်တဲ့ နည်းစနစ်တွေ မရှိရင်တော့ သီးနှံတွေ ပိုမိုစိုက်ပျိုးရမှာဖြစ်ပြီး အဲလိုစိုက်ပျိုးလို့ ရေကိုလည်း ပိုမိုသုံးစွဲရမှာဖြစ်သလို သီးနှံတွေအစာချေဖျက်မူ ကတဆင့် ရေငွေ့တွေဟာလည်း လေထုထဲကို ရောက်ကုန်ဦးမှာပါ။

ထုတ်လုပ်တဲ့ နည်းပညာက တိုးတက်နေပြီး လုပ်ကိုင်ရတဲ့ ကုန်ကျငွေ လျော့ကျလာလို့ ပင်လယ်ရေငံ ထဲက ဆားတွေထုတ်ပြီး ရေသန့် ရေချိုရအောင် လုပ်တဲ့ နည်းဟာ မျှော်လင့်ချက်ကောင်းပါတယ်။ ခုချိန်ထိတော့ ဈေးကြီးနေဆဲ(အထူးသဖြင့် လျှပ်စစ်အင်အားသုံးစွဲရလို့) ဖြစ်လို့ ကမ္ဘာ့ရေကောင်းရေသန့် သုံးစွဲမူ ရဲ့ ၀.၄% ပဲထုတ်လုပ် ထောက်ပံ့နိုင်ပါသေးတယ်။ အဲဒီနည်းပညာနဲ့ သောက်ရေသန့် လိုအပ်မူကို အထောက်အပံ့ပေးနိုင်မှာကတော့ သံသယဖြစ်စရာ မရှိသလို အချို့စက်မူလုပ်ငန်းတွေရဲ့ အလွန်သန့်စင်တဲ့ရေ လိုအပ်မူကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး နိုင်ငံခြားပို့ကုန် အတွက် စိုက်ပျိုးတဲ့ ဈေးကြီးသီးနှံစိုက်ခင်းတွေအတွက်တောင်မှ ရေပေးဝေနိုင်မှာပါ။ ဒါပေမယ့်လည်း စိုက်ပျိုးရေးသမား အများစုရင်ဆိုင်နေရတဲ့ ရေအခက်အခဲ ကိုတော့ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။

ဈေးကွက်ဝင်ဖို့ အတွက် ရေနဲ့ပတ်သက်တဲ အခက်အခဲတွေက သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်း၊ တိုင်းထွာရန် ခက်ခဲခြင်း၊ ဈေးသတ်မှတ်ရန် ခက်ခဲခြင်း နဲ့ လူတော်တော်များများ က အခမဲ့ ရသင့်တဲ့ ကုန်ပစ္စည်း တစ်ခုလို့ သတ်မှတ်ထားတော့ ငွေတောင်းခံ ဖို့ ခက်ခဲခြင်းတို့ ဖြစ်ပါတယ်။ ရေရှားပါးတဲ့ ဒေသတွေမှာ ရေဟာ တပေါက်ဆို ဆိုသလောက် အသုံးဝင်မူတန်ဖိုး ရှိပေမယ့် သူ့ရဲ့ဈေးနူန်းကတော့ ရှားပါးသလောက် ဈေးမကြီးပါဘူး။ တနေ့မှာ ရေပိုင်ဆိုင်ခွင့် ကုန်သွယ်မူဟာ အိန္ဒိယက ၂၀ မီလီယံ တွင်းရေသုံးစွဲသူတွေ အပေါ်သက်ရောက် မူရှိလာနိုင်ပေမယ့် အဲဒီတနေ့ဆိုတဲ့ အချိန်ဟာ ခန့်မှန်းတွက်ချက်မူအရ ၂၀၂၅ ခုနှစ်မှာ ၁.၄ ဘီလီယံ  ရှိလာနိုင်တဲ့ပါးစပ်ပေါက် တွေကို တိုက်နိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်ကာလ မဟုတ်သေးပါဘူး။ 

ရေပြဿနာကို မပြေ ပြေလည်အောင်ဖြေရှင်းရမယ်လို့ ဆိုလာခဲ့ရင် ရေသုံးစွဲမူကို ကျယ်ကျယ်ပြန့်ပြန့် စီမံခန့်ခွဲခြင်းအားဖြင့်သာ ဖြေရှင်းနိုင်မှာပါ။ ရေသုံးစွဲခြင်း ဆိုင်ရာ စီမံခန့်ခွဲမူကို အိန္ဒိယ နဲ့ တရုတ်ပြည် ရဲ့အချို့နေရာတွေမှာ စတင်နေတာက လယ်ယာစိုက်ပျိုးရေးသမား တွေဟာ ရေစုပ်တင်ရာမှာ ရေပမာဏကို ဘယ်လိုတိုင်းတာရမယ် ဆိုတာ လေ့လာရပြီး နောက် အကျိုးရှိအောင်ဘယ်လိုသုံးစွဲရမယ် ဆိုတာ နဲ့ အဲလိုအသုံးပြုခြင်းအားဖြင့် မြေကြီးအောက်က ရေကို စုပ်ယူထိမ်းသိမ်းထားနိုင်တဲ့ ကျောက်စိုင်ကျောက်ခဲ တွေ မပျက်စီးစေဘဲ အကျိုးရှိပုံ ကိုသင်ယူရတယ်။ လတ်တလော အရေးတကြီး လိုအပ်တာက အဲဒီနည်းပညာတွေကို နိုင်ငံအတွင်းမှာလည်း လက်တွေ့ကျင့်သုံးပြီး အခြားနိုင်ငံတွေဆီလည်း ပြန့်အောင် ဖြန့်ဝေဖို့လိုပါတယ်။

အကယ်၍ ကမ္ဘာမှာ ရေပမာဏ တဖြည်းဖြည်းခြင်း ကုန်ခမ်းနေမူကို ကန့်သတ်နိုင်ခဲ့ရင် တောင်မှ ရေနဲ့ပတ်သက်တဲ့ အခြား ပြဿနာတွေကတော့ ရှိနေဦးမှာပါ။ လူဦးရေ ၁ ဘီလီယံခန့် ဟာ အတော်အသင့်ကောင်းမွန်တဲ့ရေရရှိသုံးစွဲခွင့်တောင် မရှိ ဖြစ်နေဆဲဖြစ်ပြီး အချို့လူတွေကတော့ ရေကြီးတဲ့ပြဿနာ၊ ညစ်ပတ်တဲ့ရေပြဿနာ၊ ရေဆိုးမြောင်း စီးဆင်းမူ မကောင်းတဲ့ ပြဿနာ၊ သုံးရေပုံမှန်မရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ လူတွေက အဲဒီပြဿနာတွေကို တကယ် ဖြေရှင်းလိုစိတ်ရှိခဲ့ရင် ပြေလည်သွားအောင် လူတွေကိုယ်တိုင် ပဲ ဖြေရှင်းနိုင်ပါတယ်။ လူတွေဟာ  ရေပြဿနာလောက် အရေးမကြီးတဲ့ ပြဿနာအသေးအမွှားလေးတွေကို ရေးကြီးခွင်ကျယ် လုပ်ပြီး အဲဒီ အသေးအမွှား ကိစ္စတွေမှာ ငွေကို ပုံအော သုံးဖို့တော့ တတ်ကြတယ်။ ရေပြဿနာ ကို ပြေလယ်အောင် ဖြေရှင်းနိုင်ရင်ဖြင့် လူသားတွေ ရင်ဆိုင်ခံစားနေရတဲ့ ရောဂါဘယ ထူပြောမူ ပြဿနာ၊ အငတ်ဘေးပြဿနာ တွေဟာ အလိုလို နည်းပါး သွားမှာပါ။ ကမ္ဘာ့တန်ဖိုး အရှိဆုံး အရာကို ကောင်းမွန်စွာ အသုံးပြုနိုင် ရေးအတွက် ငွေအင်အားတွေ အကြံဉာဏ်တွေ ပိုမိုရင်းနှီးမြုပ်နှံ တာဟာ တကယ် တန်ဖိုးရှိ အကျိုးကျေးဇူးများပါတယ်။


မူရင်းဆောင်းပါး



Thursday, June 10, 2010

တရုတ်နည်း တရုတ်ဟန်

တရုတ်နည်း တရုတ်ဟန် ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတုယူမှာကို အနောက်နိုင်ငံတွေ က စိုးရိမ်နေကြပါတယ်။ အဲလို အပြောအဆို စိုးရိမ်မူတွေ ဟာ တရုတ်နိုင်ငံကိုနေမထိထိုင်မသာ ဖြစ်စေပါတယ်။ 


တရုတ်နိုင်ငံ တာဝန်ရှိသူတွေ ပြောခဲ့တာက ဧပြီ ၃၀ ရက် ရှန်ဟိုင်း(Shanghai) မှာ ပြုလုပ်မယ့် ကမ္ဘာ့ကုန်စည်ပြပွဲ(World Expo) ဖွင့်ပွဲအခမ်းအနား ကို ငွေကုန်ကြေးကျ မများဘဲ ရိုးရိုးရှင်းရှင်း ဘဲလုပ်မယ်လို့ ပြောခဲ့ပါတယ်။ သူတို့ပြောသလို မဟုတ်ခဲ့ပါဘူး။ မီးရှုးမီးပန်း၊ လေဆာရောင်ခြည်၊ ရေပန်းတွေ နဲ့ အကသမားတွေ ပါဝင်တဲ့ ဖွင့်ပွဲပြကွက်တွေဟာ ငွေကုန်ကြေးကျ အလွန်အကျွံ သုံးစွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ်(Beijing's Olympic) ဖွင့်ပွဲနဲ့ နင်လား ငါလားပါဘဲ။ အစိုးရ ရဲ့ ဆန္ဒနဲ့ အညီ တရုတ်တိုးတက်မူအင်အား ကို ထုတ်ဖော်ကြွားဝါ ခဲ့ပြီး သူတို့မှာ စွဲမက်စရာ တွေ ရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။  ဆူညံတဲ့ပြကွက်တွေ နဲ့ တရုတ်နည်း တရုတ်ဟန် ဆိုတာကို အရှိန်အဝါမြှင့်တင် ပေးခဲ့ပြီး တကမ္ဘာလုံးက အတုယူအားကျစရာ ဖြစ်တယ်လို့ အတော်များများကို အထင်ရောက်စေခဲ့ပါတယ်။
ဒေါ်လာ ဘီလီယံ ပေါင်းမြောက်များစွာ သုံးစွဲခဲ့တဲ့ ကုန်စည်ပြပွဲ နဲ့ တရုတ်နည်း တရုတ်ဟန် ပုံစံကို ထင်ရှားစေခဲ့ပြီး တရုတ်နိုင်ငံကို  ဖွံ့ဖြိုးဆဲနိုင်ငံများသာမက အခြားနိုင်ငံများကပါ အထင်ကြီးလေးစားခဲ့ကြပါတယ်။ အမေရိကန် က ဆန္ဒကောက်ခံရေး အဖွဲ့ဖြစ်တဲ့ Pew သုတေသန ဌာန(Pew Research Centre) ရဲ့ စစ်တမ်းအရ နိုင်ဂျီးရီးယန်း ၈၅% က တရုတ်ကိုအကောင်းမြင်ပါတယ်။ (၂၀၀၈ ခုနှစ်က ၇၉% ပဲရှိခဲ့တာနဲ့ နှိုင်ယှဉ်ကြည့်နိုင်ပါတယ်။) ၂၀၀၈ မှာ အမေရိကန် ၃၉% သာထောက်ခံရာက ၅၀% ထိတိုးလာပါတယ်။  ဂျပန် တွေရဲ့ ထောက်ခံမူနှုံးက ၁၄% ကနေ ၂၆% ထိတက်လာခဲ့ပါတယ်။(အခြားနိုင်ငံများ ရဲ့ နှုံးကို ပုံမှာကြည့်ပါ။) ဒီမိုကရေစီ စနစ်တွေဆီ မှာတော့ အငြင်းအခုန်တွေ ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် သူတို့ဆီမှာ တော့ ငြင်းခုန်မူ မရှိသလောက်  နည်းနည်းနဲ့ ရှန်ဟိုင်း(Shanghai) မြို့ရဲ့ အခြေခံ လမ်းပန်း၊ ဆက်သွယ်ရေး၊ အဆောက်အဦ များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်း နဲ့အတူ ကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲတွေတလျောက် ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ ကုန်စည်ပြပွဲကြီးကို ခင်းကျင်းပြသနိုင်ခြင်း ကြောင့် အရပ်ရပ်က နိုင်ငံတွေရဲ့ အထင်ကြီးမူကို ရရှိခဲ့ပါတယ်။ 


                    


တရုတ်နိုင်ငံ က ပညာရှင်တွေ နဲ့ အစိုးရအရာရှိတွေ ကိုယ်တိုင်တောင် အမြင်ကွဲပြားမူတွေ ရှိနေတာက တရုတ်နည်း တရုတ်ဟန်(တနည်းအားဖြင့် ၂၀၀၄ ခုနှစ်က အမေရိကန် အကြံပေးပညာရှင် Joshau Cooper Ramo က ကင်ပွန်းတပ်ခဲ့တဲ့ ဝါရှင်တန်သဘောတူညီမူကို အင်အားနည်းအောင် လှုပ်ရှားမယ့် ဘေဂျင်းသဘောတူညီမူ) ဆိုတာ  ရှိ မရှိ၊ အကယ်၍ရှိခဲ့ရင် တရုတ်နည်း တရုတ်ဟန်ဆိုတာ ဘာကိုခေါ်သလဲ နဲ့ အဲဒီအကြောင်းကို ဆွေးနွေးလို့ အကျိုးစီးပွား ရှိ မရှိဆိုတာပါ။ အခြားနိုင်ငံတွေ က အတုယူချင်နေတဲ့ ဖွံ့ဖြိုးတိုးတက်မူ နည်းနာတွေ မရှိဘဲ နဲ့ ထုတ်ဖော်ပြောဆိုရမှာ ကို တရုတ်ကွန်မြူနစ်ပါတီ ကမလိုလားပါဘူး။ ဟောင်ကောင်(Hong Kong) အခြေစိုက်၊ ပါတီကို ထောက်ခံတဲ့ Ta Kung Pao သတင်းစာ က သူတို့ရဲ့ သတင်းဆောင်းပါးထဲမှာ ကုန်စည်ပြပွဲဟာ  တရုတ်နည်း တရုတ်ဟန် နည်းနာတွေကို ခင်းကျင်းပြသတဲ့ နေရာလို့ ရေးသားခဲ့ပြီး အဲဒီ သတင်း အသုံးအနှုန်း ကို အစိုးရတရားဝင် ဝက်ဘဆိုက် တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ကိုးကားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင်တွေကတော့ ပြည်သူတွေကြားမှာ အဲဒီ အသုံးအနှုန်းကို မသုံးမိစေဖို့ အထူးရှောင်ကျဉ်ခဲ့ပြီး ကုန်စည်ပြပွဲကို ဖော်ပြပြောဆိုရာမှာ သိပ်အရေးမကြီးတဲ့ အသုံးအနှုန်းမျိုးနဲ့ သုံးနှုန်းပြောဆိုပါတယ်။

ခုတလော ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ တရုတ်နည်း တရုတ်ဟန်(တစ်ပါတီ အုပ်ချုပ်မူစနစ်၊ နည်းထောင့်ပေါင်း မျိုးစုံကနေ ဈေးကွက်စီးပွားရေးစနစ် ကိုချည်းကပ်ပြီး နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကတော့ နည်းပေါင်းများစွာထဲ က လွယ်လွယ်ကူကူ တွေ့မြင်သတ်မှတ်နိုင်တဲ့ နည်းဖြစ်တယ်) နောက် ခြေရာခံလိုက် နေတာ တရုတ်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း တစ်ခုတည်း မဟုတ်ပါဘူး။ နိုဝင်္ဘာလမှာ ပါတီက ဦးစီးလုပ်ကိုင်တဲ့ အထင်ကရပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုက စာမျက်နှာ ၆၃၀ ပါ ထူထဲတဲ့ စာအုပ်တစ်အုပ် ကို “တရုတ်နည်း တရုတ်ဟန်၊ နှစ်ခြောက်ဆယ်ပြည့် တရုတ်နိုင်ငံ က ဖွံ့ဖြိုးတိုးတက်မူ ပုံစံအသစ်” လို့နာမည်ပေးပြီး ထုတ်ဝေခဲ့ပါတယ်။ ဇန္နဝါရီလ မှာတော့ ကြွားလုံးတွေ သိပ်မပါတဲ့ “တရုတ်နည်း တရုတ်ဟန်၊ ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံ နှင့် အခက်အခဲများ” ဆိုပြီး တစ်အုပ်ထွက်လာပါတယ်။ အခြားတရုတ်နည်း တရုတ်ဟန် စာအုပ်တစ်အုပ် လည်း ဧပြီလ မှာထွက်ရှိခဲ့ပါတယ်။ အဲဒီစာအုပ် အကြောင်းကို ရှန်ဟိုင်း(Shanghai)ကုန်စည်ပြပွဲ နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ အတော်လေး အငြင်းအခုန်ဖြစ်ကြပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာရေးဆရာတွေထဲမှာ Zhao Qizheng(ပါတီဝါဒဖြန့်ချိရေး ထိပ်တန်းခေါင်းဆောင် လုပ်ခဲ့သူ) နဲ့ John Naisbitt(အမေရိကန်၊ အနာဂါတ်ဟောကိန်းထုတ်သူ) တို့ပါဝင်ပါတယ်။

အနောက်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေး တိုက်တွေကလည်း တရုတ်ပုံနှိပ်ထုတ်ဝေရေး တွေထက် မလျော့သော စိတ်ဝင်စားမူတွေ ရှိခဲ့ရာက ပိုလို့သာ ကြီးထွားလာခဲ့ပါတယ်။ နောက်ဆုံး ထွက်ရှိခဲ့တဲ့ စာအုပ်ကတော့ အမေရိကန် ပညာရှင် Stefan Halper ရဲ့ “ဘေဂျင်းသဘောတူညီမူ၊ တရုတ်ရဲ့ အလုံးစုံထိန်းကွပ်အုပ်ချုပ်မူ ပုံစံဟာ ၂၁ ရာစုကို ဘယ်လိုများ ဦးဆောင် လွှမ်းမိုးမလဲ” လို့အမည်ရတဲ့ စာအုပ်ပါ။

ရီပတ်ပလီကန် အဖွဲ့အမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ခဲ့ တဲ့ Mr Halper ရဲ့ဆွေးနွေးချက် က “ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြောင့် ကမ္ဘာကြီးကို ကျဉ်းမြောင်းသွားစေသလို တရုတ်ဟာလည်း အနောက်တိုင်းနိုင်ငံတွေကို ကျဉ်းမြောင်းစေတာဟာ” အနာဂါတ်မှာဖြစ်နိုင်ချေ၊တန်ဖိုး ကို တိတ်တဆိတ်လျော့ချသတ်မှတ်ခြင်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးနေသလို အာဏာကိုလည်း ထိမ်းချုပ်ထားနိုင်တဲ့တရုတ်ပြည် ရဲ့ ခြေအနေက မတူတဲ့ နည်းလမ်းအသစ်တစ်ခုရှိတယ်ဆိုတာ ကို ကမ္ဘာ့အကြီးဆုံး ဆိုင်းဘုတ်ကြီး နဲ့ထောင်ပြနေသလိုဖြစ်နေပေမယ့် တရုတ်ခေါင်းဆောင်တွေကို စိုးမိုးနေတာက(Mr Halper ရဲ့ အပြောအရ) အာဏာကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တာ၊ တရုတ်ပြည် ရဲ့ အဆင့်အတန်း နိမ့်ကျပြီး အခြေအနေတွေ ကသောင်းကနင်း ဖြစ်သွားမှာကိုပါ။ အဲဒီအကြောက် တရားတွေကြောင့်ပဲ သူတို့ဟာ ပြင်ပကမ္ဘာရဲ့ ရိုက်ခတ်မူ ကို စိုးရိမ်နေကြပါတယ်။ ဆွေးနွေးချက်တွေအရ ပါတီအုပ်ချုပ်နိုင်မူဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူပေါ်မှာ တည်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မူကတော့ စိတ်ပျက်စရာ ကောင်းတဲ့ နိုင်ငံတွေဆီက တင်သွင်းရရှိနေတဲ့ အရင်းအမြစ်တွေနဲ့ ဆိုင်တယ်လို့ ဆိုကြပါတယ်။ အာဖရိကနိုင်ငံတွေက နိုင်ငံရေးသမားတွေ ကတော့ ဘေဂျင်းသဘောတူညီမူ အကြောင်းပြောဆိုတာ မရှိသလောက် နည်းပါးပါတယ်။ ဒါပေမယ့် သူတို့ဟာ တရုတ်ပြည်က စီးဆင်းလာတဲ့ အနောက်တိုင်းပြည်တွေကလို အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး တွေအကြောင်း ဟောပြော ညွှန်ကြားချက်မပါတဲ့ အကူအညီ ငွေတွေကို ချစ်ကြတယ်။

စိုးရိမ် ပူပန်နေမူ တွေကြောင့်ဘဲ တရုတ်ခေါင်းဆောင်တွေဟာ တရုတ်နည်း တရုတ်ဟန် အကြောင်းကို စိတ်ပါလက်ပါ မပြောချင်ကြဘူး။ ပြိုင်ဘက် အင်အားကြီးနိုင်ငံ၊ ပြိုင်ဘက်နိုင်ငံရေးအတွေးအခေါ် ထွက်ပေါ်လားခြင်း လို့ အဓိပ္ပာယ်သက်ရောက်စေမယ့် အပြောအဆို အသုံးအနှုန်း သုံးရင် အမေရိကန်တွေဟာ အထိမခံ ရွှေပန်းကန် ဆိုသလိုဖြစ်ကြမှာကို သူတို့ ကောင်းကောင်းကြီး ရိပ်စားမိကြပြီး အမေရိကန် နဲ့ ပဋိပက္ခဖြစ်ရင် တော့ တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူ ပျက်စီးမှာဘဲ။

၂၀၀၃ ခုနှစ်မှာ တရုတ်တာဝန်ရှိသူတွေ ဟာနိုင်ငံအကြောင်းကို  “ငြိမ်းချမ်းစွာမြင့်တက်လာခြင်း” လို့ ပြောဆိုရာကနေ လအနည်းငယ် အတွင်းမှာပဲ “မြင့်တက်လာခြင်း” ဆိုတဲ့ အသုံးအနူန်း ကို အမေရိကန်တွေ စိတ်ဆိုးမှာ စိုးရိမ်လို့ မသုံးစွဲတော့ပါဘူး။ အရင်က ဝါဒဖြန့်ချိရေး တာဝန်ယူခဲ့ဖူးတဲ့ Zhao Qizheng ရေးတာက  သူ့အနေနဲ့ “တရုတ်ပြည်ရဲ့အခြေအနေ” လို့ သုံးစွဲရတာကို “တရုတ်နည်းတရုတ်ဟန်” လို့ သုံးစွဲရတာထက် ပိုပြီးကြိုက်နှစ်သက်ပါတယ်တဲ့။ ဒီဇင်္ဘာလမှာ ပါတီရဲ့ အကြီးတန်း ဝါဒရေးရာပညာရှင်(Theorist) ဖြစ်သူ Li Junru ပြောခဲ့တာက တရုတ်နည်း တရုတ်ဟန် အကြောင်းပြောဆိုတာဟာ အလွန်အန္တရာယ် ရှိပါတယ်တဲ့၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဟာမှာ သာယာကျေနပ်နေခြင်းက နောက်ထပ်လုပ်ရမယ့် ပြုပြင်ပြောင်းလဲမူတွေ လုပ်ဖို့ စိတ်ပါဝင်စား တက်ကြွမူတွေကို ဟန့်တားအားလျော့စေနိုင်ပါတယ်တဲ့။

အဲသလို တကယ်ပဲ ဖြစ်နေခဲ့လို့ အချို့တရုတ်တွေဟာ စိတ်မကောင်းဖြစ်ကြပါတယ်။ Deng Xiaoping  က နိုင်ငံရေး ပြုပြင်ပြောင်းလဲမူ ကသာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မူ ပုံစံကို ထိန်းကျောင်းပေးနိုင်မှာ ဖြစ်ပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးမူအတွက် လည်း မရှိမဖြစ်လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပြုပြင်ပြောင်းလဲမူ ဆိုတာ မရှိသလောက် ဖြစ်ခဲ့တာ တီရင်မန်(Tiananmen Square) အရေးအခင်းကို သူ နှိမ်နှင်းဖြိုခွင်းတဲ့ ၁၉၈၉ ခုနှစ်ကတည်းပါဘဲ။ အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမူ အဖွဲ့တစ်ခုဖြစ်တဲ့ The Carter Center က Liu Yawei ပြီးခဲ့တဲ့လက ထောက်ပြခဲ့တာ က တရုတ်ပညာရှင်တွေရဲ့ တရုတ်နည်း တရုတ်ဟန် ဆိုတဲ့အတွေးအခေါ်ကို လူသိများအောင် လုပ်ဆောင်တဲ့ လှုပ်ရှားမူဟာ အင်အားကောင်း ကြီးထွားလာခဲ့ပြီး၊ အဲဒါက ဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမူကို ဘေးရောက်တွန်းပို့ပေးသလိုဖြစ်နေခဲ့ပါတယ်။

တရုတ်ခေါင်းဆောင်တွေ တရုတ်နိုင်ငံကြီး ကသောင်းကနင်း ဖြစ်မှာကို စိုးရိမ်နေတာ ကိုထောက်ကြည့်ခြင်းအားဖြင့် သူတို့ဟာ လမ်းကြောင်းမှန် တစ်ခုကိုတွေ့ပြီလို့ ယုံကြည်မူ မရှိသေး တာပါပဲ။ ဖွံ့ဖြိုးတိုးတက်မူ ပုံစံအကြောင်း ပြောဆိုဆွေးနွေးကြရင် အားလုံးကို အခက်တွေ့စေတာက တည်ငြိမ်အေးချမ်းမူကို ထိခိုက်စေတယ်လို့ စွပ်စွဲခံရမယ့် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မူကြောင့် ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမူက စလို့ လာဘ်ပေးလာဘ်ယူ ခြစားမူတွေ နဲ့ ဆင်းရဲ ချမ်းသာကွာခြားမူ တွေအကြောင်း ဆွေးနွေးကြရမှာမို့ပါ။ တရုတ်ပြည် က ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆို တတ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေထဲ ကတစ်ခုဖြစ်တဲ့ Caixin က ဒီတပတ်မှာ အမေရိကန် ပညာရှင် Joseph Nye ရဲ့ ဆောင်းပါး တစ်ပုဒ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီထဲမှာ Mr Nye က ဘယ်ကိုမှန်း တိတိကျကျ မသိရဘဲ ပြောင်းလဲနေတဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမူ ကြောင့်ဖြစ်လာနိုင်တဲ့ အကြောင်းခြင်းရာ အခြေအနေတွေကို ရေးသားခဲ့ပါတယ်။ “မျိုးဆက်ပြောင်းလဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာရှိနေခြင်း တွေကြောင့် မကြာခဏဆိုသလို မာန်မာန တွေထောင်လွှားလာတတ်ပြီး နောက်တော့ နှစ်သက်တဲ့ အစားအသောက် တခုကို စားချင်နေသလိုမျိုး အဲဒါကိုဘဲ တမ်းတမ်းစွဲ ဖြစ်လာတတ်တယ်” လို့ သူကပြောပါတယ်။

အနောက်တိုင်း သံတမန် တစ်ဦးက Mr Nye ရဲ့ ကျော်ကြားတဲ့ စကားကို ငှားပြီး ကုန်စည်ပြပွဲကို “ယဉ်ကျေးမူ သိပ္ပံပညာတွေကတဆင့် အရှိန်သြဇာကို ပြိုင်တဲ့ပွဲ” လို့ သတ်မှတ်ပြောဆိုပါတယ်။ တရုတ်ပြည် အကြောင်းရေးသားကြတဲ့ သူတွေ တော်တော်များများ က တရုတ်ပြည်ရဲ့ အရှိန်သြဇာ ဟာကြီးထွားတိုးတက် လာနေပြီး အမေရိကန်ရဲ့ အရှိန်သြဇာ ဟာ ကျဆင်းမှေးမှိန် လာနေပြီလို့ ရေးသားကြပေမယ့် အောက်တိုဘာ ၃၁ ရက်နေ့ မှာပြီးဆုံးမယ့် ကုန်စည်ပြပွဲ ကိုကြည့်ပြီး အဲဒီ အဆိုပြုချက် မှန်ကန်ကြောင်း ပြောဘို့ ခက်ပါတယ်။ ကုန်စည်ပြပွဲမှာ နိုင်ငံပေါင်း မြောက်များစွာက ပါဝင်ပြသအောင် တရုတ်နိုင်ငံ ကစည်းရုံးနိုင်ခဲ့တယ် ဆိုတာတော့ အကယ်အမှန်အကန် ပါဘဲ။ ဒါပေမယ့် ပြပွဲလာကြည့်တဲ့ လူအရေအတွက် က ပြပွဲလုပ်တဲ့ လူအရေအတွက် ထက်အများကြီးဘဲ နည်းနေခဲ့ပါတယ်။ နောက်ပြီး ပြခန်းတွေထဲ ကိုဝင်ဖို့ စောင့်နေတဲ့ လူတန်းတွေ ကိုယှဉ်ကြည့်ရင် အမေရိကန်ပြခန်း ရှေ့မှာစောင့်နေတဲ့ လူတန်းက အရှည်ဆုံးပါဘဲ။

မူရင်းဆောင်းပါး

 



Monday, June 7, 2010

ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲသည် တကမ္ဘာလုံးကို အရိုက်ခတ်ဆုံး အားကစား ပြိုင်ပွဲဖြစ်သည်။ တခါဖူးမျှ သေချာစွာ မကန်ဘူး သော်လည်း ပွဲကြီးများ ဆိုလျှင် ကြည့်ဖြစ်သည်။ အချို့ ဘောလုံးဝါသနာအိုးများ ကဲ့သို့ ဘောလုံးပွဲသမိုင်း၊ အားကစား  သမားများ ရဲ့ သမိုင်းကို သေသေချာချာ မသိပါ။ သို့သော်လည်း ဘောလုံး ဝါသနာအိုးမျာ့း စကားဝိုင်း ဝင်ဆန့် နိုင်ရန် ဟိုတစ်စ၊ သည်တစ်စ သိထားတာလေးနှင့် ကိုယ်အတော်သိလေဟန် ဝင် ဝင်၍လည်း ပြောတတ်ပါသည်။

ကိုအောင်(ပျူနိုင်ငံ) က ၂၀၁၀ ကမ္ဘာ့ဖလား ခန့်မှန်းချက် မေးထား သောကြောင့် ကိုယ်ထင်ရာ ကိုပြောလိုက်ပါပြီ။ နှမ်းထွက်တော့ ကိုက်မကိုက် မသိဘူး ကိုအောင်ရေ။

အင်္ဂလန်၊ ဘရာဇီး၊ စပိန်၊ အီတလီ ထဲက တစ်သင်းသင်း ဖလားရမည်ဟုထင်ပါသည်။

အင်္ဂလန် အသင်း ကိုနိုင်စေချင်သည်။ ကစားသမားများ အားလုံးလိုလို ကောင်းကြသည်။ “တော်တော်များများ က သူတို့ရဲ့ prime time ကိုရောက်နေပြီလို့” သူငယ်ချင်း တစ်ယောက်ကမှတ်ချက် ပေးသည်။ အချို့က ၃၀ ပတ်ဝန်းကျင် ရောက်နေပြီဖြစ်လို့ နောက်ထပ် ကမ္ဘာ့ဖလားမှာ ဝင်ကစားခွင့်ရဖို့ သိပ်မသေချာ တော့ပါ။ မီးကုန် ရမ်းကုန် အစွမ်းပြ ကြိုးစားကစားကြ လိမ့်မည်ဟုမျှော်လင့်ရသည်။ အထူးသဖြင့် အသင်းရဲ့ မန်နေဂျာ ဖြစ်သူ Fabio Capello ကြောင့်ပို၍ မျှော်လင့်ချက်ထားကြသည် ထင်သည်။ သူဟာ Serie A Title လေးခု နဲ့ European Cup တစ်ခုကို ငါးနှစ်အတွင်းမှာ Milan အသင်းကိုအုပ်ချုပ်စဉ်က ရခဲ့ဖူးပါသတဲ့။ အခြား အီတလီ အသင်းနဲ့ နှစ်ခု၊ စပိန် အသင်းနဲ့ နှစ်ခုလည်း ရဖူးပါတယ်။ သူ့မှာ ရှုံးတယ်ဆိုတဲ့ ဓလေ့စရိုက် မရှိဘဲ သူရဲ့ နည်းပြ ရာဇဝင်ဟာ ဖလားတွေနဲ့ ရွှေရောင်လွှမ်းနေပါတယ်။ သူဟာ စပိန်ဘောလုံး လောကအကြောင်းကိုလည်း နောကျေသူဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ အာဂျင်တီးနား  နဲ့ကစားခဲ့တဲ့ တလျောက်မှာလည်း မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်။ ဘရာဇီး နဲ့ တွေ့မယ်ဆိုရင်တော့ တကယ့်ပွဲကြီး၊ပွဲကောင်း ကြည့်ရမှာပါ။

ဂျာမဏီ၊ အီတလီ နဲ့ ပြင်သစ် အသင်းတွေရဲ့ ဖောင်ကလည်း မကောင်းကြဘူးလို့ပြောကြတယ်။ ဒါပေမယ့် အီတလီ အသင်းကိုတော့ လျော့မတွက်ရဲဘူး။ ဒီကောင်တွေက အိပဲ့ အိပဲ့ နဲ့တက်လာပြီး ဖလားယူတတ်တယ်။

Rio Ferdinad နာသွားလို့ မကစား နိုင်တာကတော့ တအားလျော့စရာပါ။ ဘရာဇီး နိုင်ငံရဲ့ ဒုတိယ အကြီဆုံး မြိုတော်ရဲ့ နာမည်က Rio de Janeiro ပါ။ ကောင်းတဲ့အသင်းကို နှိမ့်ချပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ Rio တို့ဒီနှစ်ထွက်ရမယ်လို့ နိမိတ်ကောက်မှထင်တယ်။ :)

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.