နေရောင်ခြည်များကြောင့် ထိုနေ့က ရာသီဥတု သည် ပူပူနွေးနွေး ကြည်ကြည်လင်လင် နှင့် သာသာယာယာ ရှိလှသည်။ အိမ်သို့ အလည်လာသော ဧည့်သည်များနှင့် အတူ ကျွန်ုပ်သည် ဗျစ်ရည်ကိုစုပ်ရင်း ရောက်တတ်ရာရာ စကားများကို ဝိုင်းဖွဲ့ပြောဆိုနေကြသည်။ မိတ်ဆွေတစ်ယောက် ကတော့ တခုခုကို ကြော်လှော်ဖို့ ပြင်ဆင်ရင်း တချက်တချက် ဝင်ကာပြောသည်။
ကျနော်သည် စကားကို သိုင်းသိုင်းဝိုင်းဝိုင်း ဖွဲ့နွဲ့ပြောလေ့မရှိပဲ၊ လို တို ရှင်း ပြောလိုသူ ဖြစ်သည်။ ကြော်လှော်နေသော မိတ်ဆွေကမူ တခုခုအကြောင်း ပြောလျှင် ဗာရာဏသီချဲ့ ပြောတတ်သူဖြစ်သည်။ ထိုသို့ ရောက်တတ်ရာရာ ပြောနေရင်းဖြင့် ဧည့်သည်များက မိတ်ဆွေအား ဘာကြော်နေတာလဲ ဟုမေးကြသည်။
မိတ်ဆွေကြော်နေသည်မှာ “တော်တီးလာ” ဟုအမည်ရသော စပိန်ကြက်ဥကြော်ဖြစ်သည်။ ကျနော့် အလိုအတိုင်းဆိုလျှင် နာမည်ကို ချက်ခြင်း ပြောလိုက်မိပြီး၊ ကြက်ဥကြော် ဟုနာမည်ကြားပြီး ဘယ်သူကမှစိတ်ဝင်တစား ထပ်မေးတော့မည်မဟုတ်။ မိတ်ဆွေကမူ နာမည်ကို ချက်ခြင်းမပြော။ ဟင်း စတင် ပေါက်ဖွားရာ နိုင်ငံသည် စပိန်ဖြစ်ကြောင်း၊ ထိုနိုင်ငံတွင် အစားများသောဟင်းတခုဖြစ်ကြောင်း၊ ဘယ်၍ဘယ်ပုံကြော်ရကြောင်း၊ ရှည်ရှည်ဝေးဝေး ချဲ့၍်ပြောသည်။ ဧည့်သည်များမှာလည်း နားထောင် ရင်း မိတ်ဆွေ၏ဟင်းကို စိတ်ဝင်စားလာကြသည်။ ထိုင်ပြီးနားထောင်နေရာက ထကြည့်ကြတဲ့ အဆင့်ထိဖြစ်လာပြီး၊ ကြော်နေရာ မီးဖိုနံဘေး ရောက်ကုန်ကြသည်။ ဝိုင်းမှာတော့ ကျနော် တယောက်တည်း တိတ်ဆိတ်စွာ ဗျစ်ရည် ကိုစုပ်ရင်း ကျန်ခဲ့တော့သည်။
Wednesday, January 27, 2010
Subscribe to:
Post Comments (Atom)

3 comments:
ပြောတတ်တော့လည်း အနုပညာပေါ့
နောက်ဆုံးတော့ ကြက်ဥကြော် ပါဘဲ
ဟားဟား.. ကြက်ဥကြော်က ဘာများဆန်းဆန်းကြော်နေလို့လဲ... ဒါနဲ့ မသိလို့နော်.. ဗျစ်ရည်ဆိုတာ ဘာလဲဟင်
ဗျစ်ရည်ဆိုတာ ဘီယာကို ရည်ညွှန်းတာပါ။
Post a Comment
ခြေရာလေးများ ချန်ကာထားခဲ့ပါ