Wednesday, May 12, 2010

ပျောက်ဆုံးခြင်း

အတွေးများ
အမြင်များ
အိပ်မက်များ ကို
အတ္တဥခွံထဲမှာ
သေချာစွာ သိမ်းဆည်းထားခဲ့။

ကြာတော့...
တခါ တခါ
ငါ့ကိုယ်ငါတောင်
ပြန်ပြန်ရှာနေရရဲ့။

11.05.2010

Tuesday, May 11, 2010

လှုံ့

ဒီနေ့မနက် ထမင်းကြော် ကြော်စားဖြစ်တယ်။ ကြော်နေရင်း ငယ်ငယ်တုန်း က ရွာကိုအလည်သွားရင် မနက်မနက် ထမင်းကြော်စား ရတာ သတိရမိတယ်။ ဒေါ်ကြီး ရဲ့ "ဟဲ့ ကလေးတွေကို ထမင်းကြမ်း လေး လှုံ့ ကြွေးလိုက်ပါဟဲ့" ဆိုတဲ့အသံ ကိုလည်းကြားယောင်မိတယ်။ ညက ကျန်တဲ့ ထမင်း ကို ဟင်းတစ်ခုခု နဲ့ ရော ကြော်တာ ကို လှုံ့ တယ်လို့ပြော ထင်ပါရဲ့။ ဒီလိုဘဲ ထင်မှတ်ထားခဲ့တယ်။

လှုံ့ ဆိုတဲ့ စကားလုံး ရဲ့အဓိပ္ပာယ်ကို ဆက်တွေးနေမိတယ်။ ကြော်တာကို ပြောတာလား၊ နွှေးတာကို ဆိုလိုတာလား၊ မွှေတာကို လားဆိုတာ ကွဲကွဲပြားပြား မသိဘူး။ အဲဒီ စကားလုံး အသုံးအနှုန်း မကြားရတာ ကြာပြီ။ လှုံ့ နဲ့ လှုံ့ဆော် များ အဓိပ္ပာယ် နှီးနွယ်ပတ်သက် မူရှိလေသလား။

အဘိဓာန် မှာ ရှာကြည့်တော့ လှုံ့(v) exhort, stir လို့တွေ့တယ်။

11.05.2010

Wednesday, April 28, 2010

အကြွင်း






အချစ်က...
ချစ်ချလို့ မရတဲ့
အလွမ်းညှိတွေ
ငါ့ နှလုံးသားမှာ
ထားခဲ့တယ်။

28.04.10






Thursday, April 15, 2010

ကျနော်(တို့)အကြောင်း

နိုင်ငံခြားထွက်မယ့်
သားအတွက်တဲ့
အမေက
အမွေရတဲ့  ယာတကွက်နဲ့
အနက်ရောင်  ထီးတလက်
ရန်ကုန်အတက်မှာ       
ပေးခဲ့တယ်။
                    
ရန်ကုန်မှာ
ရန်တွေ မကုန်ပါဘူး အမေ
အမေ့ ယာကွက်လေးလည်း
တစ်စစီ  ပဲ့။  ။

တောကျီးကန်း
09.04.2010

Monday, March 15, 2010

ဖတ်ကြည့်စေချင်သည်

မိတ်ဆွေ တစ်ယောက် ထံမှ စာအုပ်တစ်အုပ် လက်ဆောင်ရပါသည်။ သတင်းစာဆရာကြီး ဟံသာဝတီ ဉီးဝင်းတင်၏ ထောင်အတွေ့အကြုံ နှင့် အမြင် များ ကိုစုစည်းထားသေားစာအုပ် ဖြစ်သည်။ ဖတ်အပြီးမှာတော့ အရင်ကလေးစားသည်ထက်  လေးစားမိသည်။ အထူးညွှန်းစရာ လိုသည်ဟုမထင်ပါ။ မဖတ်ရသေးသူများ၊ စိတ်ဝင်စားသူများ ထံလက်ဆင့်ကမ်း ချင်မိသည်။ ဒီမှာ ဒေါင်းနိုင်ပါသည်။ ထုတ်ဝေသူ၊ စာရေးသူ ထံမှ ခွင်တောင်း မထားပါ။ ကန့်ကွက်လျှင် ဖြုတ်ပေးပါမည်။

Tuesday, March 9, 2010

ကြည့်မှန်တစ်ချပ်နှင့်စကားပြောခြင်း

ခင်ဗျားနဲ့ကျနော်
နေ့စဉ်တွေ့ဖြစ်ကြလို့
ကျနော့်အပေါ် ခင်ဗျားရဲ့အမြင်လေး
သိပါရစေလို့
ကျနော်ကမေးတဲ့အခါ...

သူပြန်ပြောတာက
ခင်ဗျား ကျနော့်ကိုမြင်သလိုပါပဲတဲ့
နောက်ပြီးတော့
ဒါဟာ ကျနော့်ရဲ့လောကအမြင်ပါလို့ပြောပြီး
ပြုံးပြသွားတယ်။ ။

Saturday, February 27, 2010

ဘဝများ

ဘဝဆိုတာ...
တဏှာလောင်စာနဲ့
မောင်းနှင်နေတဲ့
ယာဉ်။ ။
 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.